မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကွန်ကာကပ်ဖ်ဇုန် အုပ်စု ပွဲစဉ်တွေ မှာတော့ ပြီးခဲ့တဲ့ ပွဲစဉ် မှာ နိုင်ပွဲ ပျောက်ဆုံးခဲ့ကြတဲ့ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို တို့ နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့ပြီး ကော်စတာရီကာလည်း နိုင်ပွဲ ဆက်ခဲ့ပါတယ်။ ဒါကြောင့် လက်ကျန် ပွဲစဉ် ၁ ပွဲ ကစားဖို့ ကျန်ရှိချိန်မှာပဲ ကနေဒါ တို့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး ကနေဒါနဲ့ အတူ အမေရိကန်နဲ့ မက္ကဆီကို တို့လည်း တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်ရှိခဲ့ပါတယ်။
ကနေဒါ ၄-၀ ဂျမေကာ
ပြီးခဲ့တဲ့ ပွဲမှာ မထင်မှတ်ပဲ ကော်စတာရီကာကို အရေးနိမ့်ခဲ့လို့ နိုင်ပွဲ ပြန်လည် ရှာဖွေဖို့ အတွက် ကနေဒါတို့ အပြည့်အဝ အားစိုက်လာခဲ့ပါတယ်။ နောက်ပြီး အခုပွဲမှာ အနိမ့်ဆုံး သရေ ၁ မှတ် ရရုံနဲ့ ကမ္ဘာ့ဖလားကို တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်နိုင်မှာ ဖြစ်လို့ အမှားအယွင်း မရှိ ကစားနိုင်ဖို့ နည်းစနစ်ပိုင်းရော၊ လူစာရင်းပါ အကောင်းဆုံး ပြင်ဆင်လာခဲ့ပါတယ်။ တိုက်စစ်မှာ ဂျွန်နသန် ဒေးဗစ်ကို အထောင် ကစားစေခဲ့ပြီး ဟွိုက်လတ်၊ အိုဆိုရီယို၊ ဗျူကန်နန်၊ ဟင်နရီ တို့ကို ပွဲထုတ်ခဲ့ပါတယ်။ ဂျမေကာ ကလည်း ခြေစစ်ပွဲ အောင်မြင်ရေး မျှော်လင့်ချက် မရှိတော့ပေမယ့် သိက္ခာပိုင်းအရ ကနေဒါ အိမ်ကွင်းမှာ အတတ်နိုင်ဆုံး သရေ ကစားနိုင်ဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။
တကယ်တမ်း ကစားတဲ့ အချိန်မှာတော့ ကနေဒါရဲ့ အကောင်းဆုံး ပုံစံ တစ်ခုကို ဂျမေကာတို့ ဘယ်လိုမှ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့လို့ ဂိုးပြတ် အရှုံးပေးသွားခဲ့ရပါတယ်။ ပထမပိုင်း မှာတင်ပဲ ကနေဒါတို့ လာရင်၊ ဗျူကန်နန် တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဂျမေကာတို့ ဘောလုံးပိုင်ဆိုင်မှု ပြန်လည် ရယူပြီး ကစားနိုင်ခဲ့ပေမယ့် ကစားကွက် အချိတ်အဆက်မိလွန်းနေတဲ့ ကနေဒါ တောင်ပံနဲ့ တိုက်စစ်မှူးတွေကို ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ပွဲချိန် ၈၃ မိနစ်နဲ့ ၈၈ မိနစ် တို့မှာ ၂ ဂိုးထပ်ပေးခဲ့ရပြီး ပွဲအပြီးမှာတော့ ၄-၀ ရလဒ်နဲ့ ဂျမေကာတို့ အိမ်ရှင် ကနေဒါကို အပြတ်အသတ် အရှုံးပေးခဲ့ရပါတယ်။ နိုင်ပွဲ ရရှိခဲ့တဲ့ ကနေဒါတို့ ရမှတ် ၂၈ မှတ်နဲ့ ကွန်ကာကပ်ဖ်ဇုန် အုပ်စု ထိပ်ဆုံး ကနေ ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါတယ်။ ၁၉၈၆ မက္ကဆီကို ကမ္ဘာ့ဖလား တုန်းက ခြေစစ်ပွဲ အောင်မြင်ခဲ့ဖူးတဲ့ ကနေဒါ အတွက် ကတော့ သမိုင်းတစ်လျှေက် ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ဖလား ကစားခွင့်ရခဲ့ခြင်းလည်း ဖြစ်ပါတယ်။
အမေရိကန် ၅-၁ ပနားမား
ပြီးခဲ့တဲ့ ပွဲမှာ မက္ကဆီကိုနဲ့ သရေကျခဲ့ပြီး ကနေဒါရဲ့ အရှုံးကို အခွင့်ကောင်း မယူနိုင်ခဲ့တဲ့ အမေရိကန်တို့ အခုပွဲမှာတော့ ဂိုးပြတ် ပေါက်ကွဲပြသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ အမေရိကန်တို့ ၄-၃-၃ နဲ့ ပွဲထွက်ခဲ့ပြီး ပနားမား ကတော့ ၄-၂-၃-၁ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။ အမေရိကန် အတွက် သိပ်ပြီး ဖိအား မရှိခဲ့ပေမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-Off တစ်နေရာ မျှော်လင့်ချက်နဲ့ ကစားခဲ့တဲ့ ပနားမား ကတော့ မဖြစ်မနေ ရလဒ်ကောင်းဖို့ အားစိုက်ခဲ့ရပါတယ်။
ဒါပေမယ့် ပနားမားတို့ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘောလုံး ပိုင်ဆိုင်မှု အသာစီးရခဲ့တာ ကလွဲရင် အမေရိကန်ရဲ့ ထက်မြတ်တဲ့ တိုက်စစ်ကြောင့် ခံစစ်ပိုင်း ကတော့ တော်တော်လေးကို ရုန်းကန်ခဲ့ရပါတယ်။ အမေရိကန်တို့ ဂိုးပေါက်ကန်ချက် ၁၅ ကြိမ်မှာ ဂိုးပေါက်တည့်မှု ၅ ကြိမ် ရှိခဲ့ပြီး သွင်းဂိုးလည်း ၅ ဂိုးအထိ ရရှိခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး တိုက်စစ်မှူး ခရစ္စတီယန် ပူလီဆစ်ခ်က ဟက်ထရစ် ရရှိခဲ့ပြီး ကျန် ၂ ဂိုး ကိုတော့ အာရီယိုလာ၊ ဖာရဲရား တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ အမေရိကန် တိုက်စစ်မှူး ၃ ဦးလုံး ဂိုးသွင်းနိုင်ခဲ့ပြီး ၅-၁ ရလဒ်နဲ့ အနိုင်ရခဲ့လို့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ဖို့ နီးစပ်ခဲ့ပြီလို့ပဲ ဆိုရပမယ်။ အကယ်၍ နောက်ဆုံးပွဲ မှာသာ ကော်စတာရီကာကို ၆ ဂိုးနဲ့ အထက် ရှုံးနိမ့်ခဲ့ရင်တော့ အမေရိကန်တို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-Off ထပ်ကစားရမှာ ဖြစ်ပါတယ်။
ဟွန်ဒူးရပ်စ် ၀-၁ မက္ကဆီကို
ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ဖို့ မက္ကဆီကို အတွက် အနိုင် ၃ မှတ် အတွက် တော်တော်လေး အရေးပါခဲ့ပါတယ်။ အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ကော်စတာရီကာတို့ ရလဒ်တွေ တောက်လျောက် ပြန်ကောင်းနေတာကြောင့် တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ရေး အမေရိကန် လိုပဲ မက္ကဆီကိုတို့ ဖိအားတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဟွန်ဒူးရပ်စ် ကတော့ အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာ တတ်နိုင်သမျှ မက္ကဆီကို ဆီက အမှတ်ခွဲယူနိုင်ဖို့ ခံစစ် အားပြုကစားခဲ့ပြီး တကယ်တမ်းလည်း အလုပ်ဖြစ်ခဲ့ပါတယ်။ မက္ကဆီကိုတို့ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းလောက် ရှိခဲ့ပြီး ဂိုးပေါက် ကန်ချက် ၁၈ ကြိမ် အထိ ရှိခဲ့ပေမယ့် မာမာထန်ထန် တုန့်ပြန်ခဲ့တဲ့ အိမ်ရှင်ရဲ့ ခံစစ်ကြောင့် မိနစ် ၆၀ ကျော်အထိ ဂိုးရဖို့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ မိနစ် ၇၀ မှာတော့ မက္ကဆီကိုတို့ လိုအပ်နေတဲ့ အနိုင်ဂိုး ရအောင် ယူနိုင်ခဲ့ပြီး ဟက်တာ ဟာရဲရားရဲ့ ထောင့်ကန်ဘောက တစ်ဆင့် အက်ဒ်ဆန် အဲလ်ဗာရက်ဇ်က ခေါင်းတိုက် အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် မက္ကဆီကို အတွက် ကာတာ သွားခွင့် လက်မှတ်ဟာ လက်တစ်ကမ်း အကွာမှာ ရှိနေခဲ့ပြီလို့ ဆိုနိုင်ပြီး နောက်ဆုံး ပွဲမှာ အဲလ်ဆာဗေးဒိုးကို သရေ ကစားရုံနဲ့ ကမ္ဘာ့ဖလား တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်နိုင်မှာလည်း ဖြစ်ပါတယ်။
အခြားပွဲရလဒ်
အဲလ်ဆာဗေးဒိုး ၁-၂ ကော်စတာရီကာ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.