ကမ္ဘာ့ဖလားလို အကြီးမားဆုံး ပြိုင်ပွဲကြီး တစ်ခုမှာ ကိုယ်နိုင်ငံ အသင်းနဲ့ အတူ အောင်မြင်မှု ရဖို့ အတွက် ကစားသမားတိုင်း နီးပါးဟာ ရေကန်ရေခမ်း ကြိုးစား ယှဉ်ပြိုင်လေ့ရှိတာကို အားလုံးလည်း သိကြပါလိမ့်မယ်။ ကမ္ဘာ့ဖလား ကျင်းပချိန်တိုင်းလိုလို မထင်မှတ်ထားတဲ့ ကြယ်ပွင့် ကစားသမားတွေ တစ်ယောက် မဟုတ် တစ်ယောက် ပေါ်ထွက်တတ်ပြီး ဒီတစ်ကြိမ် ကမ္ဘာ့ဖလား မှာလည်း အားလုံး မထင်မှတ်ထားတဲ့ အခြေအနေတွေ ကနေ တောက်ပပြနိုင်ခဲ့တဲ့ ကြယ်ပွင့် တော်တော်များများကို မြင်တွေ့ခဲ့ရပါတယ်။
ဂျော့စ်ကို ဂဗာဒီယိုလ်၊ ကိုဒီ ဂက်ခ်ပိုနဲ့ အန်ဇို ဖာနန်ဒက်စ်တို့ အကောင်းဆုံး ခြေစွမ်းပြခဲ့ပေမယ့် ကမ္ဘာ့ဖလား မတိုင်ခင် ကတည်းက နာမည်ကြီးနေခဲ့သလို ဈေးကွက်ထဲမှာ ပေါင် သန်း ၅၀ တန်ကြေး ရှိနေပြီးသားသူတွေ ဖြစ်တာကြောင့် ဒီစာရင်းထဲမှာ ထည့်တွက်လို့ မရပါဘူး။ အဲ့ဒီတော့ ဘယ်ကစားသမားတွေ ဖြစ်မလဲ ဆိုတာ ကြည့်လိုက်ရအောင်…
(၁) ဂွန်ဆာလို ရာမို့စ် (ပေါ်တူဂီ)
ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ အသက် ၂၁ နှစ် အရွယ် တိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ် ကတော့ ဒီစာရင်းထဲမှာ မဖြစ်မနေ ထိပ်ဆုံးက ရွေးချယ်ရမယ့် ကစားသမား ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို အကျပိုင်း ရောက်လာချိန်၊ ပြဿနာတွေနဲ့ လုံးပန်းနေရချိန်မှာ နည်းပြ ဖာနန်ဒို ဆန်းတို့စ် စွန့်စားပြီး ပွဲထွက်စေခဲ့တဲ့ ကစားသမား ဆိုရင်လည်း မမှားပါဘူး။ ရာမို့စ်ဟာ အုပ်စု ပွဲစဉ် တစ်လျှောက်လုံး ပွဲထွက်ခွင့်မရခဲ့ပေမယ့် ဆွစ်ဇာလန်နဲ့ ကစားခဲ့တဲ့ ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ် မှာတော့ ပထမ လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ၃ ဂိုး သွင်းနိုင်ခဲ့တဲ့ ရာမို့စ်ဟာ နှစ်ပေါင်း ၂၀ အကြာ ကမ္ဘာ့ဖလားမှာ ပထမဦးဆုံး အကြိမ် အဖြစ် ဟက်ထရစ်ရတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့ဖလား မတိုင်ခင် ဥရောပ ကလပ်အသင်းကြီး တော်တော်များများရဲ့ စောင့်ကြည့်ခြင်း ခံနေရတဲ့ ရာမို့စ် တစ်ယောက် သူ့ရဲ့ တန်ဖိုးကို ၂ ဆ ဆွဲတင်နိုင်ခဲ့သလို ဘင်ဖီကာ အတွက်လည်း အကျိုးအမြတ် ထွက်မယ့် ကစားသမား ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရဖို့တော့ ရှိနေပါတယ်။
(၂) မိုဟာမက် ကူးဒက်စ် (ဂါနာ)
အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ မိုဟာမက် ကူးဒက်စ် ကတော့ ဘောလုံး ကြယ်ပွင့်တွေ မွေးထုတ်ပေးတဲ့ နေရာမှာ နာမည်ကြီးတဲ့ အေဂျက်စ် အသင်းရဲ့ ကစားသမား ဖြစ်ပါတယ်။ ဗဟို ကွင်းလယ်၊ ကွင်းလယ် တိုက်စစ်နဲ့ လိုအပ်ရင် အထောင် တိုက်စစ်မှူး အဖြစ်နဲ့ပါ ကစားနိုင်တဲ့ ဒီကစားသမားလေးဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဂါနာ ၃ ပွဲ ပါဝင် ကစားပြီး ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ သေချာတာ ကတော့ အေဂျက်စ်တို့ လာမယ့် ကာလ အတွင်းမှာ ကူးဒက်စ် အတွက် သင့်လျော်တဲ့ တန်ကြေး ရရှိရင် ကျိန်းသေပေါက် ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။
(၃) အန်ဒရီ နော့ဖတ် (နယ်သာလန်)
အန်ဒရီ နော့ဖတ် ကတော့ ဒီနှစ် ကမ္ဘာ့ဖလားမှာ နယ်သာလန် လက်ရွေးစင် အသင်း အတွက် ပွဲစဉ် ၅ ပွဲစလုံး ပွဲထွက် ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၈ နှစ် အရွယ် နော့ဖတ်က ဒီပြိုင်ပွဲ ရောက်မှ လက်ရွေးစင် အသင်း အတွက် ပထမဦးဆုံး ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို ပေးခဲ့တဲ့ နည်းပြ လူးဝစ် ဗန်ဟားလ်ရဲ့ ဆုံးဖြတ်ချက်က တော်တော်လေး အန္တရာယ်များခဲ့ပေမယ့် အမှားအယွင်း တစ်ခု မဟုတ်ကြောင်း ကိုတော့ နော့ဖတ်က သက်သေပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒက်ချ် ကလပ် ဟီရန်ဗင်းရဲ့ ဂိုးသမား အနေနဲ့ လာမယ့် နှစ်ပိုင်း အတွင်း ဥရောပ ထိပ်တန်း ကလပ် တစ်ခုမှာ မြင်တွေ့ရဖွယ် ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြလျက် ရှိနေပါတယ်။
(၄) အိန်ဂျယ်လို ပရီဆီယာဒို (အီကွေဒေါ)
၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ မထင်မှတ်ပဲ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ အသင်း တစ်သင်းက အီကွေဒေါပါ။ ရွက်ပုန်းသီး ကစားသမားကောင်းတွေ အများကြီး ပါဝင်လာခဲ့တဲ့ အီကွေဒေါတို့ အိမ်ရှင် ကာတာကို နိုင်ခဲ့သလို နယ်သာလန်ကို သရေကစားခဲ့ပေမယ့် အဆုံးအဖြတ် ပွဲမှာ ဆီနီဂေါကို ရှုံးပြီး အုပ်စု အဆင့် ကနေပဲ လက်ပြခဲ့ရပါတယ်။ အီကွေဒေါ အသင်းနဲ့ အတူ တောက်ပခဲ့တဲ့ ကစားသမားတွေထဲမှာ ဂန့်ခ် ညာနောက်ခံလူ အိန်ဂျယ်လို ပရီဆီယာဒို လည်း ပါဝင်ပြီး ကာတာနဲ့ ပွဲမှာ သူပြသခဲ့တဲ့ စွမ်းဆောင်ရည်က ထိပ်တန်း ကလပ်တွေ အတွက် မျက်စိကျစရာပါ။ ပရီဆီယာဒိုဟာ ၂၄ နှစ် အရွယ်သာ ရှိသေးလို့ အနာဂတ်မှာ အခုထက် ပိုပြီး တောက်ပလာမယ့် ညာနောက်ခံလူ တစ်ဦး အဖြစ် သတ်မှတ်ခံထားရပြီး တချို့အသင်းတွေ ဆိုရင် အခုကတည်းက စတင် ချိတ်ဆက်နေပြီ လို့တောင် သိရပါတယ်။
(၅) ဆလမ် အဲလ်ဒေါ်ဆရီ (ဆော်ဒီ အာရေဗျ)
ဒီနေရာမှာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်သွားတဲ့ အာဂျင်တီးနား ဘက်ကို လှပသပ်ရပ်တဲ့ အနိုင်ဂိုး သွင်းယူနိုင်ခဲ့သူ ဆော်ဒီ တိုက်စစ်မှူး ဆလမ် အဲလ်ဒေါ်ဆရီ ကိုလည်း မေ့ထားလို့ မရပါဘူး။ ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အဲလ်ဒေါ်ဆရီဟာ သူ့ရဲ့ ကစားသမား ဘဝကို ဆော်ဒီ ပြည်တွင်း ကလပ် ဖြစ်တဲ့ အဲလ်ဟီလယ်မှာပဲ ဖြတ်သန်းခဲ့ပြီး ၂၀၁၈ ခုနှစ်က လာလီဂါ ကလပ် ဗီလာရီးရဲလ်ကို အငှားနဲ့ တစ်ကြိမ် ထွက်ကစားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ၁ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး အဲလ်ဟီလယ်ကို ပြန်ခဲ့ရပါတယ်။ ဒေါ်ဆရီဟာ အသက်အရွယ် အားဖြင့် မငယ်တော့ဘူး ဆိုပေမယ့် အာဂျင်တီးနားလို အသင်းကို သမိုင်းဝင် အနိုင်ရခဲ့တဲ့ ပွဲမှာ အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ကစားသမား ဖြစ်တာကြောင့် ဒီစာရင်းမှာ မဖြစ်မနေ ထည့်သွင်းခဲ့ရတာ ဖြစ်ပါတယ်။
(၆) ဟယ်ရီ ဆောက်တာ (ဩစတြေးလျ)
အာရှ ထိပ်သီး ဩစတြေးလျဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ရှုံးထွက်အဆင့်ကို ၂ ကြိမ်သာ တက်ရောက်ခဲ့ဖူးပြီး ၂၀၀၆ နှစ်ကနဲ့ အခု ၂၀၂၂ နှစ် ကာတာမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား မစခင်က ဒိန်းမတ်၊ ပြင်သစ်နဲ့ တူနီးရှားတို့ ပါဝင်တဲ့ အုပ်စုမှာ ဩစတြေးလျကို စောစောစီးစီး အိမ်ပြန်ရမယ့် တွက်ဆခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သားပိုက်ကောင်တွေ ကတော့ ပြင်သစ်နဲ့ ရမှတ်တူ အုပ်စု ဒုတိယ အဖြစ်နဲ့ ၁၆ သင်း အဆင့်ကို တက်ရောက်ပြီး ခန့်မှန်းချက်တွေကို ချေဖျက်ပြခဲ့ပါတယ်။ ဩဇီရဲ့ ခြေစွမ်းက အကောင်းကြီး မဟုတ်သလို အဖွင့်ပွဲမှာ ပြင်သစ်ကို ဂိုးပြတ် ရှုံးပေမယ့် နောက်ပွဲတွေက စပြီး ခံစစ်ကို ကျစ်လျစ် တောင့်တင်းနေအောင် ကစားနိုင်ခဲ့ပါတယ်။ ဒီလို မာကျောတဲ့ ခံစစ်ကို ဦးဆောင်ခဲ့သူက စတုတ်စီးတီး ဗဟိုခံစစ်မှူး ဟယ်ရီ ဆောက်တာ ဖြစ်တယ် ဆိုတာ သတိထားမိသူတွေ ရှိပါလိမ့်မယ်။ ထူးခြားချက် ကတော့ ဆောက်တာ ဟာ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ၁ ပွဲသာ ကစားထားခဲ့ပေမယ့် ဩဇီ အတွက်တော့ ကြံ့ခိုင်မှု အပြည့်နဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်ပေးသွားခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.