ကမ္ဘာ့ဖလား ပြီးဆုံးချိန်မှာ ထုံးစံအတိုင်း နေရာအလိုက် အကောင်းဆုံး ကစားသမား ၁၁ ယောက် ပါဝင်တဲ့ အသင်း တသင်း ပေါ်ထွက်လေ့ ရှိပါတယ်။
အဓိက ကတော့ ပြိုင်ပွဲ တလျှောက်လုံးမှာ သိသိသာသာ ခြေစွမ်းပြနိုင်ခဲ့သူတွေကို အချက်အလက် မှတ်တမ်းတွေ အပေါ် အခြေခံ ရွေးချယ်တာ ဖြစ်ပါတယ်။ 90 min ကတော့ နေရာလိုက် အကောင်းဆုံး ကစားသမား ၁၁ ယောက်ကို အခုလိုပဲ ရွေးချယ်ပေးခဲ့ပါတယ်။
ဂိုး – မာတီနက်ဇ်: အာဂျင်တီးနား ဂိုးသမား အမ်မီ မာတီနက်ဇ်က ခရိုအေးရှား ဂိုးသမား လစ်ဗာကိုဗစ်ကို ကျော်ပြီးတော့ ရွေးချယ်ခံခဲ့ရတာပါ။ သူ့ဘ၀ရဲ့ အကောင်းဆုံး အချိန်တွေကို ဖြတ်သန်းနေခဲ့ရတဲ့ မာတီနက်ဇ်က အာဂျင်တီးနား အတွက် ဆီမီးဖိုင်နယ်မှာ ပင်နယ်တီ အဆုံးအဖြတ် အတွက် ၂ ကြိမ် ကာကွယ်ပေးခဲ့ပါတယ်။ နယ်သာလန်နဲ့ ကစားခဲ့တဲ့ပွဲ ဖြစ်ပြီး ပြင်သစ်နဲ့ ဗိုလ်လုပွဲ မှာလည်း ပင်နယ်တီ ၁ ကြိမ် ကာကွယ်ပေးခဲ့ပါသေးတယ်။
ညာအစွန်ခံစစ် – အာချက်ဖ် ဟာကီမီ: ဟာကီမီက ဒီနှစ် ကမ္ဘာ့ဖလားမှာ သွင်းဂိုးနဲ့ ဖန်တီးမှု လုံး၀ မရခဲ့ပေမယ့်လည်း မှတ်တမ်းတွေအရ တိုက်စစ် လိုက်ပါပြီး ခြိမ်းခြောက်နိုင်မှုမှာ တခြား ကစားသမားတွေထက် သာလွန်ခဲ့ပါတယ်။ ပွဲတိုင်းလိုလိုမှာ အခွင့်အရေး ဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပြီး ခံစစ်ကိုလည်း အကောင်းဆုံး လုံခြုံစေခဲ့ပါတယ်။ ဟာကီမီ ကတော့ ရှားရှားပါးပါး ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူတွေထဲမှာ ပါဝင်နေဆဲ ဆိုတာ ဆက်လက် သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဗဟိုခံစစ် – ရိုမိန်း ဆာအိစ်: ၀ုဗ် နောက်ခံလူဟောင်းက အုပ်စုအဆင့်မှာ အကောင်းဆုံး နောက်ခံလူ တစ်ဦး ဖြစ်ပြီး ရှုံးထွက်အဆင့်တွေ မှာလည်း သူ့ရဲ့ ပုံစံကောင်း တစ်ကို ထပ်မံ ပြသနိုင်ခဲ့ပါတယ်။ စပိန်၊ ပေါ်တူဂီ တို့ကို အနိုင်ရခဲ့တဲ့ ပွဲတွေမှာ သူဦးဆောင်တဲ့ ခံစစ်က ပေးဂိုး မရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပြင်သစ်နဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ဒဏ်ရာ ရနေလို့ ၂၁ မိနစ်သာ ကစားနိုင်ခဲ့ပေမယ့် သူသာ မပါဝင်ခဲ့ရင် မော်ရိုကိုက ဒီလို အဆင့်မျိုးကို ရောက်ခဲ့မှာတောင် မဟုတ်ပါဘူး။
ဗဟိုခံစစ် – ဂျော့စ်ကို ဂဗာဒီယိုလ်: အသက် ၂၀ အရွယ် လိုက်ဇစ် နောက်ခံလူက ကာတာမှာ သူ့ရဲ့ တန်ဖိုးကို ထပ်မံ ပြသနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်က မြင်တွေ့ရသူတိုင်း မျက်စိကျရလောက်တဲ့ အထိကို ကောင်းမွန်လွန်းခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က ဘယ်အသင်းကိုပဲ ရောက်ရောက် တိုးတက်သထက် တိုးတက်လာဦးမယ့် ရှားရှားပါးပါး ကစားသမားလို့ပဲ ဆိုချင်ပါတယ်။
ဘယ်အစွန်ခံစစ် – သီယို ဟာနန်ဒက်ဇ်: ဟာနန်ဒက်ဇ်က နှစ်ယောက် ရှိပါတယ်။ လူးကပ်စ်နဲ့ သီယိုပါ။ အမြဲတမ်းလိုလို ဒီညီအကို နှစ်ယောက်ရဲ့ ခြေစွမ်းကို နှိုင်းယှဉ်ကြလေ့ ရှိပြီး ဒီတစ်ကြိမ် ကတော့ သီယို အတွက် ဖြစ်ခဲ့ပါတယ်။ လူးကပ်စ်သာ ဒဏ်ရာ မရခဲ့ဘူး ဆိုရင် ပြင်သစ်တို့ သီယို ကို ပွဲထွက်ခွင့်ပေးနိုင်ချေ နည်းပါတယ်။ ဒါပေမယ့်လည်း သီယို အနေနဲ့ လူးကပ်စ် နေရာမှာ ဝင်ကစားချိန်မှာ အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး အသင်းရဲ့ ကစားဟန်ကို ပြောင်းလဲပေးနိုင်ခဲ့သလို တိုက်စစ် လိုက်ပါနိုင်မှု ကလည်း တော်တော်လေး အားရစရာ ကောင်းခဲ့ပါတယ်။
ကွင်းလယ် – အန်တွမ် ဂရစ်ဇ်မန်း: ဂရစ်ဇ်မန်း တစ်ယောက် ကာတာ ကမ္ဘာ့ဖလားမှာ box-to-box အကောင်းဆုံး ကစားနိုင်သူ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်ခဲ့မှာ မဟုတ်ပါဘူး။ ကွင်းလယ် ကနေ တိုက်စစ်နဲ့ ခံစစ် ဟန်ချက် ညီအောင် ကစားပေးခဲ့ပြီး ဂိုးဖန်တီး ပေးပို့မှုတွေ ကလည်း အရည်အသွေး မြင့်မားခဲ့ပါတယ်။ ဒါ့အပြင် ဂရစ်ဇ်မန်း အနေနဲ့ ခံစစ် အတွင်းစည်းထဲ အထိ ဆင်းပြီး ဟန့်တား ဖျက်ထုတ်မှုတွေပါ အကောင်းဆုံး လုပ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကွင်းလယ် – ဆိုဖရန် အမ်မရာဘတ်: မော်ရိုကို ကွင်းလယ်လူက ကာတာမှာ အကောင်းဆုံး ပုံစံကို ပြသနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ တချို့ ကိုပါ ကောင်းကောင်း ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ အသင်းရဲ့ ခံစစ်တန်းကြီး တစ်ခုလုံးရဲ့ ရှေ့ကနေ ကာကွယ်ပေးနိုင်ခဲ့ပြီး အားလုံးက သတိထားမိလောက်တဲ့ အထိ ခြေစွမ်းပြခဲ့တာပါ။ အမ်မရာဘတ် ဆိုတဲ့ နာမည် ကိုတော့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အများဆုံး ကြားရဖို့တော့ သေချာသလောက် ရှိနေခဲ့ပါပြီ။
ဗဟိုကွင်းလယ် – အန်ဇို ဖာနန်ဒက်ဇ်: အကောင်းဆုံး လူငယ်ကစားသမားဆုနဲ့ ထိုက်တန်ခဲ့တဲ့ အာဂျင်တီးနား ကြယ်ပွင့်က အသင်း အတွက် မရှိမဖြစ် လိုအပ်တဲ့ ကွင်းလယ် အင်ဂျင် တစ်လုံး ဖြစ်ခဲ့ပါတယ်။ မက္ကဆီကိုနဲ့ ပွဲမှာ အရန်ခုံက ထလာပြီး ဂိုးသွင်းယူပြီးနောက်မှာ သူက ပွဲတိုင်း ပါဝင်ခွင့်ရခဲ့သလို တစ်ပွဲထက် တစ်ပွဲ ပိုကောင်းတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။
ညာတောင်ပံ – လီယွန်နယ် မက်ဆီ: ဒီနှစ် ကမ္ဘာ့ဖလားမှာ မက်ဆီ အနေနဲ့ ၇ ဂိုး သွင်းယူပြီး ၃ ကြိမ် ဖန်တိးပေးခဲ့ပါတယ်။ အာဂျင်တီးနားတို့ ချန်ပီယံ ဖြစ်ခဲ့ရာမှာ မက်ဆီက ၁၉၈၆ ခုနှစ်က မာရာဒိုနာ အောင်မြင်မှု ရယူပေးနိုင်ခဲ့သလိုမျိုး အဓိက အစိတ်အပိုင်း တစ်ခု အဖြစ် ပါဝင်ခဲ့တာပါ။ မက်ဆီ အကြောင်း ကတော့ ပြောလို့ ဆုံးမှာ မဟုတ်ပါဘူး။ ပြီးပြည့်စုံလွန်းတဲ့ GOAT ပါပဲ။
ဘယ်တောင်ပံ – ကီလီယန် အမ်ဘာပေး: ပီအက်စ်ဂျီ အသင်းဖော် မက်ဆီကို အရေးနိမ့်ခဲ့ပေမယ့် အမ်ဘာပေးက ကာတာမှာ မက်ဆီရဲ့ နောက်မှာပဲ ရှိခဲ့တာ မဟုတ်ပါဘူး။ သွင်းဂိုး ၈ ဂိုးနဲ့ မက်ဆီ ကို ကျော်ပြီး ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်ခဲ့သလို ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မှာလည်း ဟက်ထရစ်ပါ ရခဲ့ပါတယ်။ အမ်ဘာပေးက မနေ့ကမှ အသက် ၂၄ နှစ် ပြည့်ပေမယ့် ပြင်သစ်ရဲ့ သမိုင်းတလျှောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ်နဲ့ပါ မြင်တွေ့ရဖို့ သေချာသလောက် ရှိနေခဲ့ပါပြီ။ ဒါ့အပြင် လိပ်နင်ဂျာလေးဟာ ရော်နယ်ဒိုနဲ့ မက်ဆီ တို့ရဲ့ ခြေရာကို နင်းနိုင်သလို အနာဂတ်မှာ သူတို့ထက်လည်း ပိုပြီး အောင်မြင်နိုင်တဲ့ ကစားသမား ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းခံထားရပါတယ်။
တိုက်စစ် – ဟူလီယန် အဲလ်ဗာရက်ဇ်: အဲလ်ဗာရက်ဇ်က ကမ္ဘာ့ဖလားမှာ ဒုတိယ ဦးစားပေး တိုက်စစ်မှူး အဖြစ်နဲ့ ရှိခဲ့တာပါ။ မန်စီးတီး မှာလည်း ဒီအတိုင်းပါပဲ။ ဒါပေမယ့် သူ့အနေနဲ့ ၅ ပွဲ အထိ ပွဲထွက်ခွင့် ရခဲ့ပြီးတော့ ၄ ဂိုး သွင်းကာ လက်ရွေးစင် အသင်းရဲ့ သူရဲကောင်း တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဂွာဒီယိုလာ ကတော့ အဲလ်ဗာရက်ဇ် ကလပ်ကို ပြန်ရောက်ရင် အခုထက် ပိုပြီး ပွဲထွက်ခွင့် ပေးသွားဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.