အာဂျင်တီးနား ၃-၀ ဗင်နီဇွဲလား
ယနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် အုပ်စု ပွဲစဉ် (၁၇) မှာတော့ အာဂျင်တီးနားတို့ ဗင်နီဇွဲလားကို အိမ်ကွင်းမှာ ၃ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ အာဂျင်တီးနားတို့ ခြေစစ်ပွဲ အောင်မြင်ပြီးသား ဖြစ်ပေမယ့် ရှုံးပွဲ မရှိ စံချိန်ကို ဆက်ထိန်းနိုင်ရေး အတွက် အားစိုက်သွားခဲ့လို့ ဗျူနိုအေးရိစ်မှာ ဂိုးပြတ် နိုင်ပွဲ ရှာဖွေသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ဒီနေ့ပွဲမှာ ဆကယ်လိုနီရဲ့ အသင်းက ၄-၂-၃-၁ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ လီယွန်နယ် မက်ဆီကို အထောင်ထားပြီး ကော်ရီယာ၊ အယ်လစ်စတာ၊ ဂွန်ဇာလက်ဇ် တို့နဲ့ ရံကစားစေခဲ့ပါတယ်။ ကွင်းလယ်မှာ ရိုဒရီဂို ဒီပေါလ်နဲ့ ပယ်ရီဒက်စ်ကို တွဲဖက်ပေးပြီး နောက်တန်း မှာတော့ အော့တာမန်ဒီ၊ ပက်ဇဲလ်လာ၊ မိုလီနာ၊ တက်ဂ်လီယာဖီကို၊ ဂိုးမှာတော့ အာမာနီပဲ ပွဲထွက်လာခဲ့ပါတယ်။ ဗင်နီဇွဲလား ကတော့ ၅-၃-၂ ကစားကွက်နဲ့ အတူ ခံစစ် အားပြု ကစားခဲ့ပြီး ပွဲထွက်လူစာရင်း မှာတော့ ရွန်ဒွန်၊ မာတီနက်ဇ်၊ ဟာရဲရား၊ ချန်ဆဲလာ တို့လို အမာခံတွေ ပါဝင်ခဲ့ပါတယ်။
ပွဲစကတည်းက အာဂျင်တီးနားတို့ ကစားကွက်မိမိနဲ့ ဗင်နီဇွဲလား ဘက်ကို ထိုးဖောက်နိုင်ခဲ့ပြီး မက်ဆီ ဦးဆောင်တဲ့ တိုက်စစ် ကလည်း ပြိုင်ဘက်ရဲ့ ခံစစ်ကို အလုပ်ရှုပ်စေနိုင်ခဲ့ပါတယ်။ ဗင်နီဇွဲလား ကစားသမား ၇ ဦးလောက် အထိ ဂိုးဧရိယာထဲမှာ စုပြုံ ပိတ်ဆို့ တားဆီးနေခဲ့ရပြီး မက်ဆီနဲ့ ကော်ရီယာ တို့ရဲ့ အစောပိုင်း ကန်ချက် တချို့ကို ကာကွယ်နိုင်ခဲ့ပေမယ့် ပွဲချိန် ၃၄ မိနစ်မှာတော့ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။ ရိုဒရီဂို ဒီပေါလ် တောက်လျောက် ဆွဲပြေးလာပြီး ဂိုးရှေ့ ဖြတ်ပို့ပေးလိုက်တာကို တိုက်စစ် လိုက်ပါလာတဲ့ နီကို ဂွန်ဇာလက်ဇ် က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဗင်နီဇွဲလားတို့ အပိုင် အခွင့်အရေး တချို့ ပြန်ရခဲ့ပေမယ့် တိုက်စစ်က မာတီနက်ဇ် အသုံးမချနိုင်ခဲ့လို့ ပထမပိုင်း အပြီး မှာတော့ ၁-၀ ရလဒ်ပဲ ထွက်ပေါ်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ အာဂျင်တီးနားတို့ ကစားအား ထပ်တင်လာခဲ့လို့ ဗင်နီဇွဲလားတို့ ခံစစ် သပ်သပ်သာ ကစားနေခဲ့ရပြီး မက်ဆီ ကလည်း အလွတ်တည်ကန်ဘောတွေ ကနေ တောက်လျောက် ခြိမ်းခြောက်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၈၀ လောက်မှာတော့ အိမ်ရှင်တို့ ဒုတိယဂိုး ထိပ်ရခဲ့ပြီး ဒီပေါလ်ရဲ့ ဖန်တီးပေးမှု ကနေပဲ လူစားဝင်လာတဲ့ အိန်ဂျယ် ဒီမာရီယာ က ဘီးကုပ် စက်ဝိုင်း ထိပ်ကနေ ဗင်နီဇွဲလား နောက်တန်းနဲ့ ဂိုးသမားကို ကျော်ပြီး ပါးပါးနပ်နပ် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ၃ မိနစ် အကြာမှာလည်း အာဂျင်တီးနားတို့ တတိယမြောက် သွင်းဂိုးကို ရယူနိုင်ခဲ့ပြီး ဒီမာရီယာ မတင်ပေးလိုက်တဲ့ ဘောလုံးကို ဂိုးရှေ့မှာ အသင့်စောင့်နေတဲ့ မက်ဆီက ရင်ဘတ်နဲ့ တစ်ချက် ထိန်းပြီး အသာအယာ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ၃-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရလဒ်နဲ့ အတူ ဇယား ထိပ်ဆုံးက ဘရာဇီးလ်နဲ့ ၄ မှတ် အကွာ ဒုတိယနေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ဒီနေ့ပွဲမှာ ရိုဒရီဂို ဒီပေါလ်နဲ့ ပယ်ရီဒက်စ် တို့ရဲ့ ကွင်းလယ်က ထိပ်တန်း အဆင့် ခြေစွမ်းကို ထပ်မံ ပြသသွားခဲ့ကြပြီး အာဂျင်တီးနားရဲ့ ဂိုးပြတ် နိုင်ပွဲ အတွက် အဓိက အရေးပါသူတွေ ဖြစ်ခဲ့ပါတယ်။ စကယ်လိုနီရဲ့ အသင်းဟာ ပြီးခဲ့တဲ့ တောင်အမေရိကဖလား မတိုင်ခင် အထိကို အဘက်ဘက်မှာ အားနည်းခဲ့ပေမယ့် လက်ရှိ မှာတော့ အကောင်းဆုံး စုဖွဲ့မှု တစ်ခုကို ပြန်လည် မြင်တွေ့နေရပါပြီ။ အာဂျင်တီးနားတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၁၆ ပွဲ ကစားပြီးချိန်မှာ ၁၁ ပွဲ အထိ အနိုင်ရခဲ့ပြီး ဘရာဇီးလ် လိုပဲ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ အသင်း ဖြစ်ပါတယ်။ ပီကာမန်းရဲ့ ဗင်နီဇွဲလား ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၁၇ ပွဲ ကစားပြီးချိန်အထိ နိုင်ပွဲ ၃ ပွဲသာ ရှာဖွေနိုင်ခဲ့ပြီး ၁ ပွဲ သရေ၊ ၁၃ ပွဲ ရှုံးထားတာကြောင့် အုပ်စု အောက်ဆုံး မှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
အနိုင်ရခဲ့တဲ့ အာဂျင်တီးနားတို့ မတ်လ ၃၀ ရက်နေ့ မနက်မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် အီကွေဒေါနဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ဗင်နီဇွဲလား ကတော့ ကိုလံဘီယာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.