ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇုစ် ကတော့ ပြီးခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ဒဏ်ရာ ထပ်မံ ရရှိသွားခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဂျေဇုစ်ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်လို့ နည်းပြ မီခဲလ် အာတေးတားက သူ့အနေနဲ့ စိုးရိမ်မိကြောင်းပါ ဖွင့်ဟ ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။
အာတေးတားက ဂျေဇုစ်ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်လို့ “တော်တော်လေး စိုးရိမ်စရာကောင်းပါတယ်။ ဒါက ကျွန်တော့်ရဲ့ ခံစားချက်ပါ။ သူက ဒူးကို ထိခိုက်မိတာ ဖြစ်ပြီးတော့ တော်တော်လေးကို နာကျင်နေလို့ ထမ်းစင်နဲ့ကို သယ်ထုတ်သွားရတာ ဖြစ်ပါတယ်။ သူ့ရဲ့ ပုံစံကို ကြည့်ရတာ သိပ်ပြီး အခြေအနေ မကောင်းပါဘူး။ ဒါက နောက်တစ်ဖက် ထိခိုက်မိခဲ့တာပါ။ သူက နာကျင်နေလို့ ထွက်သွားရတာပါ။” လို့ ပြောကြားခဲ့ပါတယ်။
ဂျေဇုစ်ဟာ မန်ချက်စတာယူနိုက်တက်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ ဘရူနို ဖာနန်ဒက်စ်ကို တားဆီးဖို့ ကြိုးပမ်းရင်း ဒူးဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ အဓိက တောင်ပံ တိုက်စစ် ကစားသမား ဖြစ်တဲ့ ဆာကာ အပြင် ဂါဘရီရယ် ဂျေဇုစ်ပါ ဒဏ်ရာ ရရှိသွားတာကြောင့် အာဆင်နယ်က ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း အာဆင်နယ် အနေနဲ့ လက်ရှိ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုလားလျက် ရှိနေတာ ဖြစ်ပါတယ်။
ဒါကြောင့် အာဆင်နယ်တို့ တိုက်စစ်မှူး ခေါ်ယူဖို့ အစီအစဉ် ရှိမရှိနဲ့ ပတ်သတ်ပြီး ဆက်လက် မေးမြန်းရာမှာတော့ အာတေးတားက “ကျွန်တော်တို့ အနေနဲ့ ဘာနဲ့မှ နီးစပ်မှု မရှိသေးပါဘူး။ ကျွန်တော် တို့မှာ ရှိနေတဲ့ ကစားသမားတွေ ကိုပဲ အာရုံစိုက်ထားရပါမယ်။ အသင်းက အမြဲတမ်း အလုပ်လုပ်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကိုယ့်အသင်း တိုးတက်လာအောင် အမြဲတမ်း ကြိုးစား လုပ်ကိုင်နေတာပါ။ ဒါပေမယ့် ကိုယ့်အသင်းရဲ့ အရင်းအမြစ်တွေ၊ ကစားသမားတွေက ပိုကောင်းအောင် လုပ်နိုင်ပါတယ်။ တခြား အပိုင်းတွေ ကတော့ ကျွန်တော် လုပ်နိုင်တဲ့ အခြေအနေ မဟုတ်ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ်ဟာ ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာ ပြောစရာ မရှိပေမယ့် တိုက်စစ်ပိုင်း ကတော့ တော်တော်လေးကို အားနည်းနေခဲ့တာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ နယူးကာဆယ်နဲ့ ခရာဘောင်ဖလား ပွဲစဉ်မှာ တိုက်စစ်က ဂိုးပေါက် ကန်ချက် ၂၃ ကြိမ် ရှိခဲ့ပေမယ့် ဂိုးပေါက် တည့်မှု ၃ ကြိမ်သာ ရှိခဲ့သလို သွင်းဂိုးလည်း မရခဲ့ပါဘူး။ ယူနိုက်တက်နဲ့ ပွဲမှာလည်း အာဆင်နယ်က မိနစ် ၆၀ ကျော်လောက် ကတည်းက တစ်ယောက် အသာနဲ့ ကစားခဲ့ရသလို ဂိုးပေါက် ကန်ချက်လည်း ၂၆ ကြိမ် အထိ ရှိခဲ့ကာ သွင်းဂိုး ၁ ဂိုးသာ ရရှိခဲ့ပါတယ်။ အဲဒီ ပွဲမှာ ယူနိုက်တက် ဂိုးသမား ဘာရင်ဒီရာ လက်စွမ်းပြ ကာကွယ်ခဲ့တယ် ဆိုပေမယ့်လည်း ကိုင်ဟာဗက်ဇ်ရဲ့ အဆုံးသတ်တွေက စိတ်ပျက်စရာ ကောင်းခဲ့တာကြောင့် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။
အခုဆိုရင်တော့ အာဆင်နယ်က ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တဲ့ အထိ အခြေအနေ ဆိုးရွားနေတာ ဖြစ်ပါတယ်။ လက်ရှိ အပြောင်းအရွှေ့မှာ တိုက်စစ်ကို အင်အား မဖြည့်ဘူး ဆိုရင်တော့ အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ် အပါအဝင် ဘာဆုဖလားမှ မျှော်လင့်နိုင်မှာ မဟုတ်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.