အက်သလက်တီကိုမက်ဒရစ် ကတော့ မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာကို နောက်ကျဂိုးနဲ့ အနိုင်ယူပြီးနောက် အမှတ်ပေးဇယားထိပ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲအပြီး မှာတော့ အက်တလက်တီကိုမက်ဒရစ် ဂိုးသမား ယန် အိုဘလက်ခ်က သူတို့ အသင်းကို ချန်ပီယံ ပြေးလမ်း ကနေ ဖယ်ရှားလို့ မရကြောင်း ကြုံးဝါး ပြောဆိုလိုက်ပါတယ်။
အက်တလက်တီကိုမက်ဒရစ်ဟာ ဘာစီလိုနာကို နူးကမ့်ပ်မှာ သွားရောက် ရင်ဆိုင်ခဲ့ရသလို ဦးဆောင်ဂိုးလည်း ပေးခဲ့ရပေမယ့် မိနစ် ၆၀ မှာ ဒီပေါလ်ရဲ့ ချေပဂိုး၊ နာကျင် အချိန်ပို နောက်ဆုံး မိနစ်မှာ အလက်ဇန္တား ဆောလော့သ်ရဲ့ အနိုင်ဂိုးတွေနဲ့ ၃ မှတ် အပြည့်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ် ကတော့ ဘာစီလိုနာရဲ့ ကွင်းမှာ ၂၀၀၆ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် လာလီဂါ နိုင်ပွဲ ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီယေဂို ဆီမြွန်နီရဲ့ အသင်းက ရာသီအစပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲဆက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ မနေ့ညက ပွဲမှာ ဘာစီလိုနာဟာ အက်တလက်တီကိုမက်ဒရစ် ဘက်ကို ဂိုးပေါက် ကန်ချက် ၁၉ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက် တည့်မှု ကလည်း ၇ ကြိမ် အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ယန် အိုဘလက်ခ်က အဓိကကျတဲ့ ကာကွယ်မှု ၆ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ဘာစီလိုနာတို့ ဂိုးပေါက် ပျောက်ခဲ့ရတာ ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ယန် အိုဘလက်ခ်က အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ကျွန်တော် အက်တလက်တီကိုကို ရောက်ကတည်း ဘာစီလိုနာကို အနိုင်မရခဲ့ဖူးပါဘူး။ ဒါက ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သုံးမှတ်ရခဲ့တယ်။ ဒီပုံစံအတိုင်းလေးပဲ ဆက်သွားကြရအောင်ပါ။ ကျွန်တော်တို့ ပွဲကို ဆိုးရွားတဲ့ ပုံစံနဲ့ စတင်ခဲ့သလို အကြောက်တရားတွေနဲ့ စတင်ခဲ့တာပါ။ ဦးဆောင်ဂိုး ပေးလိုက်ရတဲ့နောက် ဒုတိယပိုင်းမှာ ဂိုးမပေးရဖို့ ကြိုးစားခဲ့ပါတယ်။ လိဂ်က အရမ်း ရှည်ကြာပါတယ်။ ဒီနေ့က အဓိက မဟုတ်ပါဘူး။ ဒါက သုံးမှတ်ပါပဲ။ နောက်ထပ် ရမှတ်တွေ ယူနိုင်ဖို့လည်း လိုပါသေးတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ချေပဂိုး သွင်းယူပေးခဲ့တဲ့ ရိုဒရီဂို ဒီပေါလ် ကတော့ သူ့ရဲ့ လာလီဂါ နောက်ဆုံး ၄ ပွဲမှာ ၃ ဂိုး အထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ပြီးခဲ့တဲ့ ၅၃ ပွဲမှာ စွမ်းဆောင်နိုင်ခဲ့တာထက် ပိုတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ပွဲအပြီးမှာ ဒီပေါလ် ကလည်း “ခင်ဗျားတို့ ပိုခံစားလာရရင် ပိုပြီး ပျော်ရွှင်ပါလိမ့်မယ်။ ကျွန်တော် တို့က ကြီးကျယ် ခမ်းနားတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အက်တလက်တီကိုက ဒီမှာ အနိုင်မရခဲ့တာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ၊ ကျွန်တော်တို့ ထိပ်တန်း နေရာ အတွက် ကစားနေကြတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ ဆက်လက်ပြီး “ခေါင်းဆောင် ဖြစ်ရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ အဲဒါက ကျေနပ်စရာပါ။ ခင်ဗျား အလုပ်တွေ ပြီးဆုံးသွားတဲ့ အခါမှာ ကျေနပ်မှု အပြည့်နဲ့ ခံစားရပါလိမ့်မယ်။ ဒီဂျာဆီကို ဝတ်ဆင်ရတာက ဂုဏ်ယူစရာ ကောင်းပြီးတော့ အရာရာ အဆင်ပြေသွားတဲ့အခါ မှာတော့ အရမ်းကို ပျော်ရွှင်ဖို့ကောင်းပါတယ်။” လို့ ဒီပေါလ်က ဆက်လက် ပြောကြားသွားခဲ့ပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.