တော့တင်ဟမ်ဟော့စပါး ၄-၃ မန်ချက်စတာယူနိုက်တက်
ဒီကနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရာဘောင်ဖလား (လိဂ်ဖလား) ကွာတားဖိုင်နယ် ပွဲစဉ် မှာတော့ တော့တင်ဟမ်ဟော့စပါးက မန်ချက်စတာယူနိုက်တက်ကို ၄-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ နှစ်ဖက် ဂိုးသမားတွေရဲ့ အမှားတွေကြောင့် အပြန်အလှန် သွင်းဂိုးတွေ များခဲ့ပြီးတော့ အဆုံးသတ် ပိုကောင်းတဲ့ စပါးက နိုင်ပွဲနဲ့ အတူ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ အိမ်ရှင် စပါးက ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဖော်စတာ၊ ဒရာဂူဆင်၊ အာချီ ဂရေး၊ စပန့်စ်၊ ပေါ်ရို၊ ဆား၊ ဘစ်ဆူးမား၊ မက်ဒီဆင်၊ ကူလူဆက်ဗ်စကီး၊ ဆွန်ဟောင်မင်၊ ဆိုလန်ကီ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ယူနိုက်တက် ကတော့ ၃ ယောက်တန်း ခံစစ်မှာ လင်ဒီလော့ဖ်၊ မာတီနက်ဇ်၊ ယိုရို တို့ကို ထားပြီး ကွင်းလယ် မှာတော့ အူဂါတေး၊ အဲရစ်ခ်ဆင်၊ မက်ဇရာရီ၊ ဒါးလော့တ် တို့ ပွဲထွက်လာခဲ့ပါတယ်။ တောင်ပံ နှစ်ဖက် မှာတော့ ဖာနန်ဒက်စ်နဲ့ အန်တိုနီ တို့နဲ့ အတူ အထောင် တိုက်စစ်မှာ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ပါဝင်လာခဲ့ပါတယ်။
ပွဲအစပိုင်းမှာ ယူနိုက်တက်ဟာ ကစားကွက် အချိတ်အဆက်မိမိနဲ့ အိမ်ရှင် စပါးရဲ့ ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုး ရခဲ့တာ ကတော့ စပါးပဲ ဖြစ်ပါတယ်။ အလွတ်တည်ကန် ဘောကနေ တဆင့် အပေးအယူ လုပ်ပြီး ပေါ်ရိုရဲ့ အဝေးကန်ချက်ကို ယူနိုက်တက် ဂိုးသမား ဘေရင်ဒီယာ ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတာကို ဆိုလန်ကီက ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် စပါးတို့ပဲ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ၁-၀ ရလဒ်နဲ့ပဲ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲပြန်စချိန်မှာလည်း စပါးက ယူနိုက်တက် နောက်တန်းရဲ့ ပေါ့ဆမှု ကနေ ဒုတိယဂိုး သွင်းနိုင်ခဲ့သလို ၅၄ မိနစ် မှာလည်း ဆိုလန်ကီက တတိယမြောက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ၃ ဂိုးပြတ် အနိုင်ရနေတဲ့နောက် စပါးတို့ အနည်းငယ် ကစားအားချလိုက်ချိန် မှာတော့ ယူနိုက်တက်က ပွဲကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ချေပဂိုးတွေ ရဖို့ နီးစပ်လာခဲ့ပါတယ်။ ဒါကြောင့် ၆၃ မိနစ်နဲ့ မိနစ် ၇၀ တို့မှာ စပါး ဂိုးသမား ဖော်စတာနဲ့ နောက်ခံလူတွေရဲ့ အမှား ကနေ ဇီယက်ခ်ဇီးနဲ့ အာမက်ဒ် ဒီယာလို တို့က ချေပဂိုး ၂ ဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။
စပါးတို့ ၂ ဂိုးဆက် ပြန်ပေးလိုက်ရတဲ့ နောက်မှာတော့ အာရုံ ပြန်စိုက်လာခဲ့ပြီး ၈၈ မိနစ် မှာတော့ ဆွန်ဟောင်မင်က ဒေါင့်ကန်ဘော ကနေ လှလှပပ တိုက်ရိုက် ကန်သွင်းခဲ့လို့ ၄-၂ ဦးဆောင်နိုင်ခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုမှာတော့ ယူနိုက်တက်တို့ ချေပဂိုး ၁ ဂိုး ထပ်ရခဲ့ပြီး အာမက်ဒ်ရဲ့ ထောင့်ကန်ဘောကို နောက်ခံလူ ဂျွန်နီ အီဗန့်စ်က ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ရှုံးထွက် ပွဲစဉ် ဖြစ်တာနဲ့ အညီ နှစ်သင်းစလုံး နိုင်ပွဲနဲ့ အတူ နောက်တစ်ဆင့် တက်ရောက်နိုင်ရေး အားစိုက်ခဲ့ကြပေမယ့် ဂိုးသမားတွေရဲ့ အမှား ကိုယ်စီကြောင့် မလိုအပ်ပဲ အပြန်အလှန် ဂိုးတွေ ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်ရဲ့ လူစားလဲလှယ်မှု အပိုင်းမှာ အနည်းငယ် အမှားအယွင်းတွေ ရှိခဲ့တယ်လို့ ပြောလို့ ရပါတယ်။ စပါးလို တိုက်စစ်ကောင်းတဲ့ အသင်းမျိုးနဲ့ တွေ့ဆုံချိန် လင်ဒီလော့ဖ် ဒဏ်ရာရသွားတဲ့နောက် မက်ဂွိုင်းယားကို မသုံးပဲ အီဗန့်စ်ကို ထည့်ခဲ့တာက အန္တရာယ်ကို လက်ယက် ခေါ်ခဲ့သလိုပါပဲ။ အဓိက ကတော့ ဒီပွဲမှာ ဂိုးသမား ဘေရင်ဒီယာရဲ့ လက်စွမ်းက မေးခွန်းထုတ်စရာ ရှိခဲ့ပြီး အိုနာနာကို အနားပေးခဲ့တာက ရှုံးပွဲတွေ့သွားစေတဲ့ အချက်တစ်ချက်လို့ပဲ ဆိုရပါမယ်။ တစ်ဖက်က ဝါရင့် ဂိုးသမားကြီး ဖော်စတာ ကလည်း ဘေရင်ဒီယာနဲ့ အပြိုင်မှားခဲ့ပြီး ယူနိုက်တက် တိုက်စစ်ရဲ့ အဆုံးသတ် အားနည်းခဲ့လို့သာ သက်သာရာရခဲ့တာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် စပါးဟာ ခရာဘောင်ဖလား ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပြီး မဲခွဲမှု အရ လစ်ဗာပူးလ်နဲ့ ထိပ်တိုက် တွေ့ဆုံကစားရတော့မှာ ဖြစ်ပါတယ်။ ၂၀၂၂-၂၃ ဘောလုံးရာသီက နောက်ဆုံး အကြိမ် အဖြစ် ခရာဘောင်ဖလား ဗိုလ်လုပွဲ တက်ခဲ့တဲ့ ယူနိုက်တက် ကတော့ ကွာတားဖိုင်နယ်နဲ့ပဲ ကျေနပ်ခဲ့ရပြီး တခြားသော ပြိုင်ပွဲတွေကို ပိုပြီး အာရုံစိုက်နိုင်တော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.